ဗုဒ္ဓတရား၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံ အားထုပ်နိုင်သော သူတော်ကောင်း တရားသမား ဖြစ်နိုင်ကြပါစေ.....
သတ္တ၀ါမှန်သမျှ၊ ဘေးမခ၊ အေးမြချမ်းသာရှိပါစေ

Tuesday, October 6, 2009

ဆွမ်းဘုဉ်းပေးနေစဉ် မှတ်တမ်းဓာတ်ပုံများ

ငွေတောင်ဦးကမဋ္ဌာန်းကျောင်းတိုက် သံဃာတော်များ၊ အမျိုးသား၊ အမျိုးသမီးယောဂီများ
ဆွမ်းဘုဉ်ပေးနေစဉ် ကြည်ညိုဖွယ်ရာ ဓာတ်ပုံများနှင့် ဆရာတော်မှ ဆွမ်းအလှူရှင်များအား
အနုမောဒနာတရား ဟောကြားပေးနေစဉ်









အရှင်ကုမုဒ

ကောင်းမှု.မကောင်းမှု

ကောင်းမှု
ဘ၀ပေါင်းစု၊ သောင်းအထုတွင်၊ ကောင်းပြု ကောင်းပြော၊ ကောင်းသဘောနှင့်၊ ကောင်းသောနှလုံး၊ တဖြောင့်သုံး၍၊ သက်လုံးစင်ဖြူ၊ ထိုသည့်သူကား၊ “ငါမူကောင်းမှု၊ အစုစုကို၊ ဆည်းပြုခဲ့မိ၊ ရတော်ဘိ“ဟု၊ မိမိပြုမူ၊ သန့်စင်ဖြူ၍၊ ပြစ်မြူမနှော၊ ဤသဘောကို၊ တွေးတောမိတိုင်း၊ ပီတိလှိုင်းဖြင့်၊ ယှက်သိုင်းရစ်လည်၊ ချမ်းမြေ့ကြည်လျက်၊ ဤသည်ဘ၀၊ နောင်ဘ၀နှင့်၊ ဘ၀ဆက်ဆက်၊ သံသာစက်တွင်၊ စိတ်လက်ကြည်သာ၊ ရုပ်လမ်းဖြာ၍၊ ချမ်းသာကောင်းကျိုး၊ ဒီရေတိုးသို့၊ ဖွံ့ဖြိုးကြီးကျယ်၊ ပွင့်လန်းကြွယ်သည်၊ ထက်ဝယ်နတ်ထံ စံဖို့တည်း။

မကောင်းမှု
ဘ၀စုစု၊ သံသာထုတွင်၊ အပြုအပြော၊ သဘောမဖြူ၊ ထိုသည့်သူကား၊ “ငါမူမကောင်း၊ မှုအပေါင်းကို၊ ရင့်ညောင်းကြာရှည်၊ ပြုမိသည်မှာ၊ မှားခဲ့စွာ“ဟု၊ ကိုယ့်ဟာကိုယ်ပြု၊ ပြစ်သောင်ထု၏၊ ညစ်ကျူဖြစ်တုံ၊ အိုးမလုံက၊ အအုံပွင့်ရာ၊ ဆိုပမာသို့၊ မသာနှလုံး၊ မရွှင်ပြုံးနိုင်၊ သောကလှိုင်လျက်၊ သည်းဆိုင်ကြွေမျှ၊ ညှိုးခွေလျ၍၊ စိတ်ကမလန်း၊ ရုပ်ညှိုးနွမ်းလျက်၊ ပင်ပန်းရိရှား၊ အောက်လမ်းသွားသည်၊ လေးပါးအပါယ် ဖြောင့်ဖြောင့်တည်း။
(ချမ်းမြေ့ဂုဏ်တော်ဘုရားရှိခိုးမှ)
အရှင်ကုမုဒ

သီလတရား

လူတို့တွင် ကိုယ်ကျင့်တရားသည် အခြေခံပဓာနကျသော တရားဖြစ်သည်။ ထို့အတူ ဗုဒ္ဓဘာသာတို့တွင်လည်း သီလတရားသည် အလွန်အရေးကြီးသော ကျင့်ဝတ်ဖြစ်ပါသည်။ ထိုသီလတရား များစွာထဲမှ ငါးပါးသီလသည် မဖြစ်မနေ အမြဲတမ်း စောင့်ထိန်းသင့်သည့်အားလျော်စွာ ထိုငါးပါးသီလ၏ အကျိုးအပြစ်တို့ကိုလည်း ဗုဒ္ဓဘာသာဝင်တိုင်း သိထားသင့်သည်ဟု ယူဆကာ ချမ်းမြေ့ဆရာတော်ဘုရားကြိးရဲ့ ဆောင်ပုဒ်များထဲမှ
ငါးပါးသီလဆိုင်ရာ အကျိုးအပြစ်ဆောင်ပုဒ်များကို ဖော်ပြပေးလိုက်ပါသည်။

သီလပျက်စီးခြင်း၏ ဆိုးကျိုးများ
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ ပျက်စီးငြားမူ၊ စီးပွားလည်းပျက်၊ နာမည်ပျက်၍၊ ရွံ့ရှက်ကြောင်လျင်း၊ ပွဲလယ်ချဉ်း၏၊ သေခြင်းဆိုက်လတ်၊ သတိလွတ်လျက်၊ ရောက်လတ်ဒုဂ္ဂတိ၊ ဆင်းရဲဖိသည်၊ ရ၏ ဆိုးကျိုးများစွာတည်း။

သီလစင်ကြယ်ခြင်း၏ ကောင်းကျိုးများ
သီလခေါ်ဆို၊ ကိုယ်ကျင့်တရား၊ စင်ကြယ်ငြားမူ၊ စီးပွားတိုးလျက်၊ နာမည်တက်၍၊ ရွံ့ရှက်ကြောက်ကင်း၊ ပွဲလယ်ချဉ်း၏၊ သေခြင်းဆိုက်လတ်၊ သတိကပ်လျက်၊ ရောက်လတ်နတ်ဝယ်၊ ဤငါးသွယ်၊ ရဖွယ်ကောင်းကျိုးတည်း။

ပါဏာတိပါတ၏ ဆိုးကျိုးများ
ညှဉ်းဆဲသတ်ဖြတ်၊ သက်တိုတတ်၏၊ များလတ်ရောဂါ၊ မကျမ်းမာဘူး၊ အင်္ဂါချို့ယွင်း၊ ဖောက်ပြန်ခြင်းကြောင့်၊ ရုပ်ဆင်းမလှ၊ ချိုးမကျဘဲ၊ ကွဲရချစ်သူ၊ မုန်းသူပေါများ၊ ကြောက်စိတ်များ၏၊ ကြီးမားစိုးပူ၊ နှိပ်စက်သူနှင့်၊ ရန်သူလည်းများ၊ ဆုတ်အင်အားနှင့်၊ သူများသတ်ဖြတ်၊ သေရတတ်၍၊ သေလတ်ပြီးခါ၊ ပါယ်လေးရွာ၊ ရောက်ရာလမ်းကြောင်း အမှန်တည်း။

ပါဏာတိပါတ ရှောင်ကြဉ်ကျိုးများ
သူ့သက်မသတ်၊ ရှောင်ကြဉ်လတ်မူ၊ မကပ်ရောဂါ၊ လွန်ကျမ်းမာလျက်၊ ရှည်စွာအသက်၊ ကြောက်မဖတ်ဘဲ၊ စိတ်လတ်ချမ်းသာ၊ ပူကင်းကွာ၍၊ အင်္ဂါပြည့်ဝ၊ အချိုးကျလျက်၊ လှပကိုယ်လက်၊ မနှိပ်စက်နိုင်၊ မသတ်နိုင်၊ မြဲခိုင်ကောင်းကျိုးတည်း။

အဒိန္နာဒါန၏ ဆိုးကျိုးများ ပိုင်ရှင်မပေးငြား၊ သူများဥစာ၊ ခိုးလုပါမူ၊ လေးဖြာအပါယ်၊ သူ၏နယ်တည်း၊ အကယ်၍များ၊ လူဖြစ်ငြားမူ၊ ရှားပါးဥစာ၊ ရခဲစွာမို့၊ မွဲပြာဆင်းရဲ၊ ရလဲကြာရှည်၊ မတည်ပျောက်ပျက်၊ မင်းနှိပ်စက်၍၊ စိတ်လက်မရွှင်၊ လိုအင်မပြည့်၊ ဆင်းရဲဖိသည်၊ ရ၏ ဆိုးကျိုးများစွာတည်း။

အဒိန္နာဒါန ရှောင်ကြဉ်ကျိုးများ
မခိုးဥစာ၊ ရှောင်ကြဉ်ပါမူ၊ ချမ်းသာကြွယ်ဝ၊ လိုရာရ၍၊ ရှာရလွယ်ကူ၊ ရပြန်မူလည်း၊ ရန်သူမဖျက်၊ မပျောက်ပျက်ဘဲ၊ တိုးတက်ပွားစည်၊ စည်းစိမ်တည်၏၊ လေးလီပါယ်ရွာ၊ မကျပါဘဲ၊ နတ်ရွာသုဂတိ၊ လားရဘိသည်၊ ရ၏ ကောင်းကျိုးများစွာတည်း။

ကာမေသုမိစ္ဆာစာရ၏ ဆိုးကျိုးများ
သူ့လင် သူ့မယား၊ မရှောင်ရှားဘဲ၊ ပြစ်မှားလေမူ၊ ထိုသည့်သူကား၊ ရန်သူပေါများ၊ ချစ်သူရှား၏၊ ယောက်ျားမပီ၊ မ မပီဘဲ၊ မကြည်အိနြေ္ဒ၊ ကျက်သရေမရှိ၊ ဟိရီမကပ်၊ သြတ္တပ်ကင်းကွာ၊ အင်္ဂါချို့တဲ့၊ ရှိန်စော်မဲ့၍၊ ချို့တဲ့ဥစာ၊ ဆင်းရဲရှာ၏၊ ကွဲကွာချစ်သူ၊ သောကဆူလျက်၊ စိတ်ပူပြင်းပြ၊ စိုးကြောင့်ကြနှင့်၊ လားရဒုဂ္ဂတိ၊ ဆင်းရဖိသည်၊ ရ၏ ဆိုးကျိုးများစွာတည်း။

ကာမေသုမိစ္ဆာစာရ ရှောင်ကြဉ်ကျိုးများ သူ့လင် သူ့မယား၊ မပြစ်မှားပဲ၊ ရှောင်ရှားလေမူ၊ ထိုသည့်သူကား၊ ရန်သူကင်းငြား၊ ချစ်သူများ၍၊ ယောက်ျားပီသ၊ ချမ်းသာလှ၏၊ ကြောင့်ကြစိုးပူ၊ မရှိမူဘဲ၊ ချစ်သူနှင့်တွဲ၊ ပျော်ရွှင်မြဲမို့၊ စိတ်လဲရွှင်ကြည်၊ မျက်နှာကြည်သည်၊ နတ်ပြည်သို့ ဖြောင်တန်း သူ၏လမ်း။

မုသာဝါဒ၏ ဆိုးကျိုးများ
မုသာဝါဒီ၊ ထိုသူသည်ကား၊ ပလီပလာ၊ သစာမတည်၊ ပြောတတ်သည်မို့၊ မပီစကား၊ မညီသွားနှင့်၊ ပုပ်ငြားပါးစပ်၊ ကိုယ်ခြောက်ကပ်လျက်၊ ညစ်ထပ်အိနြေ္ဒ၊ ကိုယ်နေမလှ၊ သြဇာကျ၏၊ နှုတ်ကကြမ်းထော်၊ စိတ်လျပ်ပေါ်၍၊ သေသော်ဒုဂ္ဂတိ၊ လားရဘိသည်၊ ရ၏ ဆိုးကျိုးများစွာတည်း။

မုသာဝါဒ ရှောင်ကြည်ကျိုးများ
လှည်းစားလိမ်ညာ၊ ရှောင်ကြဉ်ခွါ၍၊ သစာစကား၊ ပြောဆိုငြားမူ၊ စကားလဲပီ၊ သွားလဲညီ၍၊ သားရည်စိုပြေ၊ ကိုယ်နေလှပ၊ အချိုးကျ၏၊ နှုတ်ကချိုသာ၊ ထက်သြဇာနှင့်၊ စိတ်မှာတည်လျင်း၊ ပျံ့လွင့်ကင်း၍၊ ခံတွင်းနံ့ကြိုင်၊ သင်းပျံ့လှိုင်သည်၊ ပိုင်ပိုင်တက်လှမ်း၊ နတ်တို့နန်း။

သုရာမေရယ၏ ဆိုးကျိုးများ
အရက်သေစာ၊ သောက်စားပါမူ၊ ရောဂါလည်းများ၊ ခိုက်ရန်ပွား၍၊ စီးပွားလည်းပျက်၊ နာမည်ပျက်၏၊့ ကြောက်ရှက်မဲ့လျင်း၊ သတိကင်းလျက်၊ လုပ်ခင်းဆောင်တာ၊ မေ့လျော့ခါဖြင့်၊ ပညာလည်းမဲ့၊ ဥာဏ်နုံ့နဲ့၍၊ ကင်းမဲ့ဆင်ခြင်၊ မြော်မြင်မရှိ၊ ပြုမိပြုရာ၊ ပြုတတ်စွာ၏၊ ၀ါစာဖရု၊ ပိသု မုသာ၊ ထင်ရာပြောကြား၊ သမီးသားလည်း၊ စိတ်ထားမတည်၊ ဟိရီမကပ်၊ သြတ္တပ်မယှဉ်၊ ကတညုတ၊ ကတဝေဒီ၊ မသိတတ်ငြား၊ ဖိုးသမားသည်၊ လေးပါးအပါယ် ဖြောင့်ဖြောင့်တည်း။

သုရာမေရယ ရှောင်ကြဉ်ကျိုးများ
အရက်သေစာ၊ ရှောင်ကြဉ်ပါမူ၊ ရောဂါလည်းကင်း၊ ခိုက်ရန်ရှင်း၍၊ သတင်းကောင်းပြေး၊ ရပ်တိုင်းမွှေး၏၊ လုပ်ရေးဆောင်တာ၊ ရှိသောခါလည်း၊ မကွာသတိ၊ လုပ်ဆောင်ဘိ၏၊ ဖွားတည့်လေငြား၊ သမီးသားလည်း၊ စိတ်ထားတည်ကြည်၊ ဟိရီသြတ္တပ်၊ အစဉ်ကပ်လျက်၊ မြဲချပ်သတိ၊ သူ့မှာရှိသည်၊ ဂတိဖြောင့်တန်း ထက်သို့လှမ်း။

သူတော်ကောင်း၏ ဂုဏ်ရနံ့
စပယ်ကြက်ရုံး၊ ဂမုံးနှင်းဆီ၊ ပန်းထွေလီတို့၊ လေပြည်လေညှင်း၊ သူဆောင်ကျဉ်း၍၊ ပျံ့သင်းမွှေးကြိုင်၊ လေအောက်လှိုင်လည်း၊ မလှိုင်လေညာ၊ မမွှေးသာဘူး၊ ဆယ်ဖြာသုစရိ၊ စုံညီပြည့်မူ၊ ထိုသည့်သူ၏၊ မွှေးကြူသင်းပျံ့၊ ဂုဏ်ရနံ့ကား၊ ပျံ့နှံ့အောက်ထက်၊ လေဆန်တတ်၍၊ ဘ၀ဂ်တိုင်ထိ၊ ပျံ့လှိုင်ဘိသည်၊ သူ၏ သီလဖြူသောကြောင့်။

(အကျင့်သီလနှင့် ပြည့်စုံသူ၊ ကိုယ်ကျင့်တရား ကောင်းသူသည် သီတင်းသုံးဘော်၊ တရားကျင့်ဘော်တို့၏ ချစ်ခင်လေးမြတ်မှုကို ခံယူရသည်။)
(ချမ်းမြေ့ဂုဏ်တော်ဘုရားရှိခိုးမှ)
အရှင်ကုမုဒ

မေတ္တာသာရဏီယတရား

ကာယကံမေတ္တာ
မေတ္တာနှင့်ယှဉ်၊ ပြုမူလျှင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးတည်း၊ ညီလည်းညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူ့ဘောင်ငြိမ်းချမ်းတယ်။

ဝစီကံမေတ္တာ
မေတ္တာနှင့်ယှဉ်၊ ပြောဆိုလျှင်၊ အစဉ်အောက်မေ့ဖွယ်။

ချိုသာစကား၊ ကျိုးလိုလား၊ ကြားရချမ်းသာတယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးတည်း၊ ညီလည်းညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူ့ဘောင်ငြိမ်းချမ်းတယ်။


မနောကံမေတ္တာ
မေတ္တာနှင့်ယှဉ်၊ စိတ်ထားလျှင်၊ အစဉ်အောက်မေ့ဖွယ်။
သူ့ဂုဏ်ကျေးဇူး၊ မမေ့ဘူး၊ အထူးအောက်မေ့တယ်။
အများချစ်ခင်၊ ရိုသေချင်၊ ခင်မင်လေးစားတယ်။
စိတ်ဝမ်းမကွဲ၊ တစ်သွေးတည်း၊ ညီလည်းညီညွတ်တယ်။
ညီညွတ်သူဆောင်၊ ဆောင်တိုင်းအောင်၊ လူ့ဘောင်ငြိမ်းချမ်းတယ်။

(ချမ်းမြေ့ဂုဏ်တော်ဘုရားရှိခိုးမှ)
အရှင်ကုမုဒ

Monday, October 5, 2009

အောင်မြင်ကြောင်းတရား

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။
ပြော.ပြု.တွေးလျှင်၊ သတိယှဉ်၊ ဆင်ခြင်ဥာဏ်ရှေ့သွား။
စိတ်ထားဖြောင့်မှန်၊ ခွင့်လွတ်ရန်၊ သီးခံမေတ္တာထား။
ဲလုံ့လနှင့်ဇွဲ၊ မလျော့ဘဲ၊ အမြဲတင်းတင်းထား။
အရာရာတွင်၊ အသုံးဝင်၊ အောင်မြင်ကြောင်းတရား။

Template by : kendhin x-template.blogspot.com